ဘဝက ပိုပြီးညင်သာမလာပါဘူး

‌ခံနိုင်ရည်စွမ်း


ဘာမှမသိနားမလည်ခင် အချိန်က
လိုချင်တာ မရရင် ငိုမယ် အဖေနဲ့
အမေ့ကို ပူဆာမယ် ဒီလောက်ပါပဲ

မလိုချင်ရင်လည်း လွှင့်ပစ်လိုက်မယ်
အေးအေးဆေးဆေးပဲပေါ့

နည်းနည်းလောက်
တတ်သိနားလည်တဲ့ အရွယ်လည်း
ရောက်လာရော ဘဝက
ကိုယ်ထင်ထားသလို မရိုးရှင်းခဲ့ဘူး

လိုချင်တာတွေ ရချင်မှရသလို
မလိုချင်တာတွေ ဖက်တွယ်ရတဲ့
အခိုက်အတန့်တွေလည်း ရှိခဲ့တယ်

အရွယ်မရောက်ခင် အချိန်ကဆို
ဆရာဝန်ကြီး ဖြစ်ချင်တယ်
အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်ဆိုပြီး
လူကြီးမိဘတွေကို ပြောပြခဲ့ဖူးတယ်

ဖြစ်ချင်မှာပေါ့
ရောက်နေတဲ့ နေရာလေးပဲကြည့်ပြီး
ငါသာဆိုရင်ဆိုတဲ့ အတွေးနဲ့
ပျော်နေမိတာ
သူတို့တတွေ ဘယ်လိုဘယ်ပုံ
ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့
အကြောင်းတရားကို မကြည့်မိဘူး

ရုပ်ရှင်ဇာတ်လမ်းတွေကြည့်
ကုမ္ပဏီဝန်ထမ်းဆို စတိုင်နဲ့မလိုင်နဲ့
ရုံးခန်းထဲမှာ ထိုင်ပြီး
computerလေးနှိပ်ရင်း ဇိမ်နဲ့
နေရမယ်လို့လည်း စိတ်ကူးတွေ
ယဉ်ခဲ့ဖူးသေးတယ်

ခကျတာက ဘဝဆိုတာ
မအေးအေးဝင်း စီစဉ်သလို
စိတ်ကူးတွေနဲ့ပဲ သရုပ်ဖော်လို့ရတာ
မဟုတ်ပြန်ဘူး

တကယ့်လက်တွေ့
ဘဝထဲရောက်လာတော့
ကိုယ်မက်မောခဲ့တဲ့ အရာတွေက
အတော်အသင့်
ကြိုးစားအားထုတ်မှုနဲ့ မရဘူးဆိုတာ
သိလာရတယ်

အနေအထားတစ်ခုထိ
ရလာပြန်တော့လည်း
သက်တောင့်သက်သာနဲ့
ကြွကြွရွရွလေးနေရတာ မဟုတ်ဘူး

ပြိုင်ဆိုင်မှုတွေ တိုက်ခိုက်မှုတွေ
ကောက်ကျစ်စဉ်းလဲ့မှုတွေကြားမှာ
လိုချင်တဲ့ ပန်းတိုင်ရောက်အောင်
အခက်အခဲအမျိုးမျိုးကို
ရင်ဆိုင်ရတယ်

ဒါတောင်
ငယ်ငယ်ကလိုချင်တဲ့ဘဝကို
ရနေသေးတာ မဟုတ်ဘူး
ရနေတဲ့ဘဝကိုပဲ အဆင်ပြေအောင်
ရုန်းကန်နေရတာ

ဇွဲ ၊ လုံ့လ ၊ ဝီရိယကို အခြေခံပြီး
ခေတ်နဲ့အညီ
ရင်ဘောင်မတန်းနိုင်ရင်လည်း
အဆင်မပြေပြန်ဘူး

စိန်ခေါ်မှုတွေ များတဲ့ဘဝ

စိတ်ကူးတွေကို
အကောင်အထည်ဖော်ဖို့
လုပ်ဆောင်ရတဲ့ လက်တွေ့က
ငယ်ငယ်က ထင်ထားသလို
မသာယာဘူး

တစ်ခါတလေတော့ ကိုယ့်ဘဝကိုယ်
ပြန်ပြီးသုံးသပ်မိတယ်

ဘဝက
တဖြည်းဖြည်းနဲ့ နူးညံ့လာတာ
မဟုတ်ဘူး

ကြမ်းသထက် ကြမ်းလာရတာ
ပိုပြီး ခက်ခဲလာတာ

အဆိုးအညစ်တွေ ကြားမှာမှ
တစ်မျိုးဖြစ်လာမယ့် ကံကြမ္မာကို
အကောင်းမွန်ဆုံး ဖန်တီးနေရတာ

ဘယ်လိုပဲ ဆိုဆိုပါ

ငှက်ကလေးတွေတောင်
ပျံရင်းနဲ့ သေရဲကြသေးတာပဲလေ…

👉သင့်အတွက် စိတ်ခွန်အား ၊ အားဆေး🍶တစ်ခွက် ဖြစ်ခဲ့လျှင် ပြန်လည် ၊🔄ဝေမျှပေးပါ။

Design a site like this with WordPress.com
Get started